Saturday, May 08, 2010

အမေများနေ့အမှတ်တရ

                          မေမေ... သားရှာနေတာကြာလှပြီ

 

(၁၉၉၄)ခုနှစ် ဖေဖော်ဝါရီလ ဂျာမဏီနိုင်ငံမြောက်ပိုင်းမှာရှိတဲ့
Koblenzမြို့လေးက ရေခဲတွေနဲ့ ဖုံးလွှမ်းထားဆဲဖြစ်တယ်။ မြို့လေးမှာရှိတဲ့
မိဘမဲ့ကျောင်းက Rhineမြစ်ဘေးမှာ တည်ရှိတာကြောင့်
မြင့်မားတဲ့ကျောင်းဆောင်ကို အဝေးကနေ ထီးထီးလှမ်းမြင်နေရတယ်။


အဲဒီနေ့မနက်က အသက်(၅ဝ)ရှိပြီဖြစ်တဲ့ စစ္စတာထရီယာတစ်ယောက် ကိစ္စတစ်ခုနဲ့
အပြင်ထွက်ဖို့စီစဉ်ခဲ့တယ်။ ကျောင်းတံခါးဝအရောက်မှာ ရုတ်တရက်ကလေးငိုသံကို
သူကြားလိုက်မိတယ်။ အသံကြားရာဖက်ကို သူလှည့်ကြည့်တော့
တံခါးဝနဲ့မလှမ်းမကမ်း ခြုံပုတ်တစ်ခုမှာ ရွှေရောင်ဆံပင်နဲ့
ကလေးငယ်တစ်ယောက်ကို တွေ့လိုက်တယ်။ စစ္စတာက ကလေးကို
ကျောင်းထဲခေါ်ယူမွေးစားပြီး Derbyလို့ အမည်ပေးခဲ့တယ်။
(၇)နှစ်ဆိုတဲ့အချိန်က မျက်စိတစ်မှိတ်အတွင်းမှာ ဖြတ်သန်းခဲ့တယ်။
Derbyတစ်ယောက် မိဘမဲ့ကျောင်းကနေ ကျန်းကျန်းမာမာ ကြီးပြင်းလာခဲ့တယ်။
Derbyဟာ စိတ်သဘောထားကောင်းပေမယ့် စိတ်ကျ နွမ်းလျတတ်တဲ့အကျင့်ရှိတယ်။

နေသာတဲ့နေ့တွေမှာ စစ္စတာတွေက ကလေးတွေခေါ်ပြီး တောအုပ်အလွန်
မြစ်ဘေးကမြက်ခင်းပြင်ဆီ သွားရောက် ဆော့ကစားတတ်ကြတယ်။
တောအုပ်မနီးမဝေးမှာရှိတဲ့ ရွာလူတွေက မိဘမဲ့ကလေးတွေကို လက်ညှိုးထိုးပြီး
သူတို့ကလေးကို "အဲဒီကလေးတွေက မိဘအစွန့်ပစ်ခံထားရတဲ့ ကလေးတွေ...
နင်တို့လည်း မလိမ္မာရင် မိဘမဲ့ကျောင်းကို ပို့ပစ်မယ်" လို့ ပြောတတ်ကြတယ်။

အဲဒီလိုစကားကြားတိုင်း Derby အရမ်းဝမ်းနည်းမိတယ်။ စိတ်ထိခိုက်လွန်းပြီး
စစ္စတာကို "စစ္စတာ... ကျွန်တော့်မိဘတွေက ဘာဖြစ်လို့ ကျွန်တော့်ကို
မလိုချင်တာလဲ? ကျွန်တော်ကို သူတို့မချစ်လို့လား?"လို့ မေးတယ်။
ဒယ်ဘီရဲ့အသံထဲမှာ သူ့အသက်နဲ့မလိုက်တဲ့ ရှုပ်ထွေးမှုတွေပါနေခဲ့တယ်။
သူ့အမေးကို စစ္စတာက တအံ့တသြနဲ့ "ဘာဖြစ်လို့ ဒီလိုတွေးရသလဲ?"လို့ဆိုတယ်။

"ကျွန်တော်တို့က မိဘတွေစွန့်ပစ်ထားတဲ့ ကလေးတွေလို့ လူတွေပြောကြတယ်"
ဝမ်းနည်းကြေကွဲတဲ့အသံနဲ့ ဒယ်ဘီဆိုတယ်။
"သားရဲ့မေမေကို စစ္စတာမတွေ့ဖူးပေမယ့် သားကို သူချစ်တယ်ဆိုတာ စစ္စတာယုံတယ်။
လောကကြီးမှာ ကိုယ့်သားသမီးကို မချစ်တဲ့မိခင်ဆိုတာ မရှိဘူး။ သားမေမေ
သားကိုစွန့်ပစ်ခဲ့ရတာက သူ့မှာအခက်အခဲရှိလို့၊ အကူအညီမဲ့ခဲ့လို့ဖြစ်မယ်"

စစ္စတာရဲ့နှစ်သိမ့်စကားကို ဒယ်ဘီဘာမှပြန်မပြောခဲ့တော့ဘူး။ အဲဒီကစ ဒယ်ဘီ
ပိုကြီးပြင်းခဲ့တယ်လို ထင်ရတယ်။ သူဟာ ပြတင်းပေါက်မှာ အမြဲရပ်နေပြီး
Rhineမြစ်ဘက်ကို ငေးမောကြည့်နေတတ်တယ်။ အမေကိုလွမ်းဆွတ်တဲ့
ဒယ်ဘီရဲ့အလွမ်းတွေက မြစ်ရေတွေနဲ့အတူ စီးမျောသွားခဲ့တယ်။

(၂ဝဝ၃)ခုနှစ် မိခင်များနေ့ .... မိခင်များနေ့ရဲ့
နွေးထွေးကြည်နူးစရာမြင်ကွင်းတွေက အမေကို ပိုမျှော်လင့်တောင့်တစေအောင်
ဒယ်ဘီရဲ့စိတ်ကို ထိုးဆွခဲ့တယ်။ တီဗီလိုင်းတိုင်းမှာ မိခင်များနေ့ကို
ဂုဏ်ပြုတဲ့အစီအစဉ်တွေ ထုတ်လွှင့်ခဲ့တယ်။ အစီအစဉ်မှာ အမေအတွက်
သားသမီးတွေရဲ့ တုန့်ပြန်မှုကို ဖော်ညွှန်းပြသခဲ့တယ်။ (၆)နှစ်အရွယ်
ကလေးတစ်ယောက်က ချွေးတလုံးလုံးနဲ့ အမေကိုမြက်ရိတ်ကူခဲ့တယ်။ အမေက
ဘေးကနေပြီး သားကို မျက်ရည်အဝဲသားနဲ့ ကြည့်နေခဲ့တဲ့ ရိုက်ကွက်တွေဖြစ်တယ်။
ဒါကို ဒယ်ဘီကြည့်ပြီး "ကျွန်တော်လည်း မိဘတွေကို ကူညီချင်လိုက်တာ
သူတို့ဘယ်မှာလဲ?" လို့ စစ္စတာကိုမေးခဲ့တယ်။
ဒယ်ဘီရဲ့အမေးကို စစ္စတာပြန်မဖြေနိုင်ခဲ့ဘူး။ နှစ်တွေကြာခဲ့သည့်တိုင်
ဒယ်ဘီမိဘရဲ့သတင်းအစအန ဘာမှမရခဲ့ဘူး။ ဝမ်းနည်းအားငယ်စိတ်နဲ့ လမ်းမပေါ်
ဒယ်ဘီပြေးထွက်ခဲ့မိတယ်။ လမ်းမပေါ်မှာ အမေတွေကအများကြီး ဒါပေမယ့်
ဒယ်ဘီအတွက် အမေတစ်ယောက်တောင် မပါခဲ့ပါဘူး။ လမ်းသွားလမ်းလာတွေကို
ကြည့်ပြီး ဒယ်ဘီ ချုံးပွဲချငိုခဲ့မိတယ်။

လအတန်ငယ်အကြာမှာ အသက်(၉)နှစ်ရှိပြီဖြစ်တဲ့ ဒယ်ဘီတစ်ယောက်
မိဘမဲ့ကျောင်းကခွါပြီး ကျောင်းနဲ့မနီးမဝေးက မူလတန်းကျောင်းမှာ
ကျောင်းသွားတက်ခဲ့တယ်။ တစ်ခါက အတန်းချိန်တစ်ချိန်မှာ ဆရာမက သူတို့ကို
ပုံပြင်တစ်ပုဒ်ပြောပြခဲ့တယ်။

"ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးရှိခဲ့တယ်။
ဘုရင်ကြီးက Go (ချက်ထိုး)ကစားတာကို အရမ်းနှစ်သက်ခဲ့ပြီး
ကစားနည်းထီထွင်ခဲ့သူကို ဆုကြေးတွေချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်တယ်။
ထီထွင်ခဲ့သူက သူ့ကို ဆန်စေ့အနည်းငယ်ချီးမြှင့်ဖို့
ဘုရင်ထံတောင်းဆိုခဲ့တယ်။ အဲဒီလူက ဆန်စေ့တွေကို ချက်ပျဉ်ပထမအကွက်မှာ
တစ်စေ့တင်လိုက်တယ်။ အဲဒီနောက် ဒုတိယအကွက်မှာ ဆန်နှစ်စေ့၊ တတိယအကွက်မှာ
နှစ်ဆတိုးပြီး ဆန်စေ့လေးစေ့တင်ခဲ့တယ်။ အဲဒီလို ဆတိုးပြီး
ချက်ပျဉ်တစ်ခုလုံးကို ဆန်အပြည့်တင်လိုက်တယ်။ နောက်ဆုံးမှာ
ဆန်အစေ့ပေါင်းစွာရခဲ့တယ်။ အဲဒီဆန်စေ့ပေါင်းတွေက ကမ္ဘာဆန်စေ့ပေါင်းရဲ့
၁ဝဆဖြစ်ခဲ့တယ်။ အဲဒီအဆပေါင်းတွေကို သူချီးမြှင့်ခံခဲ့ရတယ်"

ဆရာမပြောတဲ့ပုံပြင်ကို နားထောင်ပြီး ဒယ်ဘီရဲ့မျက်လုံးတွေ
အရောင်လက်သွားခဲ့တယ်။ တကယ်လို့ လူတစ်ယောက်ကို သူကူညီပြီး အဲဒီလူကို
နောက်ထပ်လူ(၁ဝ)ယောက် ထပ်ကူညီခိုင်းမယ်။ ဒီလိုနည်းနဲ့ မေတ္တာတွေကို
လက်ဆင့်ကမ်းပြီး တစ်နေ့မှာ ကိုယ့်မိဘပါ အကူအညီခံရမယ်လို့ ဒယ်ဘီတွေးမိတယ်။
အဲဒီနောက် လူတစ်ယောက်ကိုကူညီပြီးတိုင်း ကျေးဇူးတင်စကားပြောခံရချိန်မှာ
ဒယ်ဘီက "တစ်ခြားလူ(၁ဝ)ယောက်ကို ခင်ဗျားကူညီတာဟာ ကျွန်တော့်ကို
ကျေးဇူးတင်ရာရောက်တယ်"လို့ ဆိုခဲ့တယ်။

အကူအညီခံရသူတွေက ဒယ်ဘီရဲ့စိတ်ရင်းစေတနာကို ခံစားခဲ့ရသလို
ဒယ်ဘီရဲ့ဒီလိုနည်းနဲ့ ဖြန့်ဝေလက်ဆင့်ကမ်းတဲ့မေတ္တာတွေက သူတို့ရင်ကို
ရိုက်ခတ်ခဲ့တယ်။ ဒယ်ဘီရဲ့နည်းအတိုင်း လူ(၁ဝ)ယောက်ကိုကူညီပြီး
အကူအညီခံရသူတိုင်းကို နောက်ထပ်လူ(၁ဝ)ယောက်စီ ထပ်ကူညီဖို့
သူတို့တောင်းဆိုခဲ့တယ်။ အဲဒီလိုနဲ့ မေတ္တာစက်ဝိုင်းတစ်ခုက
မြို့လေးရဲ့နေရာအနှံ့မှာ ပြန့်နှံ့ခဲ့တယ်။

ဂျာမဏီက နာမည်ကြီး အစီအစဉ်တင်ဆက်သူ Rickကို ကူညီခဲ့မိမယ်လို့ ဒယ်ဘီ
လုံးဝထင်မထားခဲ့မိဘူး။
Rickက အသက်(၅ဝ)အရွယ်ရှိတဲ့ ဂျာမဏီတီဗီလိုင်းက အစီအစဉ်တင်ဆက်သူဖြစ်တယ်။
သူ့ရဲ့ပြည့်ဝတဲ့ စင်ပေါ်အတွေ့အကြုံ၊ ဟာသဥာဏ်ကြောင့် ဂျာမန်တို့နှစ်သက်တဲ့
တင်ဆက်သူတစ်ဦးဖြစ်ခဲ့တယ်။ သူဟာနာမည်ကြီးသူတွေရဲ့ အပြင်ပန်းဟန်ဆောင်မှု၊
ကွယ်ဝှက်မှုတွေကို ထုတ်ဖော်ပြီး သူ့အစီအစဉ်မှာ တင်ဆက်ခဲ့တယ်။
လူတွေရဲ့သရုပ်အမှန်ကို မြင်ပေါင်းများခဲ့လို့ပဲလား! တီဗီလိုင်းတွေရဲ့
အပြိုင်အဆိုင်နဲ့ စိတ်ဖိအားကြောင့်လား! (၂ဝဝ၃)ခုနှစ်မှာ Rickတစ်ယောက်
စိတ်ကျရောဂါခံစားခဲ့ရပြီး အလုပ်မှ ခဏရပ်နားခဲ့ရတယ်။ အောက်တိုဘာလမှာ
Rickဟာ ခွင့်တစ်နှစ်ယူပြီး ကိုယ်လက်လန်းဆန်း ပြန်ကျန်းမာလာအောင်
ခရီးထွက်ဖို့ စီစဉ်ခဲ့တယ်။

အဲဒီနောက် Rickတစ်ယောက် ဒယ်ဘီနေတဲ့မြို့လေးကို ရောက်လာခဲ့တယ်။ လှပတဲ့
Rhineမြစ်အလှက သူ့ကို ညှိ့ငင်ဖမ်းစားထားခဲ့တယ်။ တစ်ညနေစောင်းမှာ
မြစ်ကမ်းတစ်လျှောက် Rick လမ်းလျှောက်ထွက်ခဲ့တယ်။ တစ်နေရာအရောက်မှာ
ရုတ်တရက် နှလုံးရောဂါဖောက်ပြီး အိတ်ထဲက ဆေးမထုတ်နိုင်ခင်မှာ
မြက်ခင်းပြင်ပေါ် သူလဲကျသွားခဲ့တယ်။ အဲဒီအချိန်မှာ မြစ်ကမ်းနဖူးပေါ်
ငါးမျှားနေတဲ့ဒယ်ဘီက မူးလဲသွားတဲ့ Rickကိုမြင်ပြီး ဆေးရုံကိုဖုန်းဆက်
အချိန်မီကယ်တင်နိုင်ခဲ့တယ်။

ရောဂါသက်သာလာတဲ့ Rickက သူ့ကိုကယ်ခဲ့တဲ့ ဒယ်ဘီလက်ကို ကိုင်ပြီး
ကျေးဇူးတင်စကားပြောတယ်။
"လူလေး... မင်းကို ဘယ်လိုကျေးဇူးဆပ်ရမှန်း မသိဘူးကွာ။ တကယ်လို့
မင်းငွေလိုရင် မင်းကိုငါ ငွေတွေအများကြီးပေးနိုင်တယ်"

Rickအပြောကို ဒယ်ဘီခေါင်းခါပြီး "တကယ်လို့ အကူအညီလိုအပ်တဲ့
လူ(၁ဝ)ယောက်ကို အန်ကယ်ကူညီနိုင်ရင် ကျွန်တော့်ကိုကျေးဇူးဆပ်ရာ
ရောက်ပါတယ်" လို့ ပြောခဲ့တယ်။

"မင်းတကယ် ဘာမှမလိုဘူးလား?" Rick အမေးကို ဒယ်ဘီပြုံးပြီး ခေါင်းခါပြလိုက်ပြန်တယ်။
ထူးဆန်းတဲ့ဒယ်ဘီကြောင့် Rick အံ့သြသွားခဲ့တယ်။ အဲဒီမြို့ကမခွါခင်
ဒယ်ဘီကိုကားနဲ့ ကျောင်းအထိလိုက်ပို့ပြီး အဆက်အသွယ်ကို သူချန်ခဲ့တယ်။
Rickထွက်ခွါခါနီး ဒယ်ဘီက "လူ(၁ဝ)ယောက်ကို တတ်နိုင်သလောက် ကူညီဖို့
မမေ့ပါနဲ့နော်" လို့ ထပ်မှာပြန်တယ်။ Rickတစ်ယောက် ဒယ်ဘီကို
သေချာကြည့်နေခဲ့တယ်။ ဒယ်ဘီရဲ့ စိတ်ရင်းစေတနာတွေက
သူ့ဆီကူးစက်လာခဲ့တာကြောင့် ဒယ်ဘီကို သူတလေးတစား ခေါင်းညိတ်ပြခဲ့တယ်။

ဒီကာလအတောအတွင်းမှာ Rickဟာ သူ့ဘဝမျှော်လင့်ချက်ကို ပြန်တွေ့ခဲ့တယ်။
ဒယ်ဘီကြောင့် သူ့ဘဝပိုလှပခဲ့တယ်။ ပေးခဲ့တဲ့ဂတိအတိုင်း လူ(၁ဝ)ယောက်ကို
စေတနာရှိရှိ သူကူညီခဲ့တယ်။ လူတွေကိုကူညီပြီးတိုင်း သူ့စိတ်တွေ
လန်းဆန်းတက်ကြွလာတယ်လို့ သူခံစားမိတယ်။ အထူးသဖြင့် လူတွေဆီကနေ
"ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကားတစ်ခွန်းကြားရချိန်မှာ သူ့ဘဝ
ပိုတန်ဖိုးကိုရှိလာတယ်လို့ သူခံစားမိခဲ့တယ်။ နှစ်ဝက်လောက်ကျန်သေးတဲ့
သူ့ခွင့်ရက်တွေကို ဖျက်သိမ်းပြီး သူအလုပ်ပြန်ဝင်ခဲ့တယ်။
လုပ်ဖော်ကိုင်ဖက်တွေက လူတွေကိုကူညီရင်း ပျော်ရွှင်နေတဲ့ ပြောင်းလဲလာခဲ့တဲ့
Rickကိုကြည့်ပြီး အံ့သြခဲ့ကြတယ်။

လူတွေကိုပေးလိုက်တဲ့ အကူအညီ(၁ဝ)ခုက Rickကို ထူးဆန်းမှုတွေနဲ့
ပြောင်းလဲစေခဲ့တယ်။ သူရဲ့စိတ်ကျရောဂါလည်း တဖြေးဖြေး ပျောက်ကင်းလာခဲ့တယ်။
(၂ဝဝ၃)ခုနှစ် ဒီဇင်ဘာ(၁)ရက်နေ့ညမှာ Rickရဲ့ အစီအစဉ်ကိုစလွှင့်ခဲ့တယ်။
Rickတစ်ယောက် ကင်မရာရှေ့မှာရပ်ပြီး တစ်နိုင်ငံလုံးကို သူကြုံတွေ့ခဲ့တာတွေ
ပြောပြနေခဲ့တယ်။

"အရင်တုန်းက တခြားလူတွေရဲ့အကြောင်းကို ကျွန်တော်အများကြီးပြောခဲ့တယ်။
ဒီညမှာတော့ ကျွန်တော့်အကြောင်းကို ကျွန်တော်ပြောပါမယ်....... "

Rickဟာ မျက်ရည်အဝဲသားနဲ့ သူလုပ်ခဲ့တဲ့ လုပ်ရပ်ကောင်း(၁ဝ)ခုကို
နာရီဝက်အတွင်းမှာ ပြောခဲ့တယ်။ နောက်ဆုံးမှာ Rickဟာ ဆို့နင့်တဲ့အသံနဲ့
"ဒါတွေဟာ တကယ်ဆိုတာ မယုံတဲ့လူတွေလည်းရှိကြမယ်။ ဒါပေမယ့် ကိုယ့်မေတ္တာ၊
စေတနာတွေကို တစ်ဘက်သားအတွက် ပေးဆပ်လိုက်ချိန်မှာ ရလာတဲ့အပျော်တွေက
ကျွန်တော်တစ်ကိုယ်လုံးထဲ လှည့်ပတ်စီးဆင်းစေခဲ့တယ်။ လူဆယ်ယောက်ကို
ကူညီတာနဲ့ သင့်ဘဝက ထူးဆန်းအံ့သြမှုတွေနဲ့ တစ်မျိုးတစ်ဖုံ
ပြောင်းလဲလာနိုင်ပါတယ်" လို့ပြောခဲ့တယ်။

ဒီလိုနဲ့ Rickရဲ့အစီအစဉ်က ဂျာမဏီတစ်နိုင်ငံလုံးကို ပြန့်နှံ့သွားခဲ့ပြီး
လူတွေရဲ့စိတ်ကို ကိုင်လှုပ်နိုင်ခဲ့တယ်။ လူတချို့က Rickဆီဖုန်းဆက်ပြီး
လူဆယ်ယောက်ကိုကူညီပြီး လုပ်ရပ်ကောင်းဆယ်ခုကို သူတို့လုပ်ဖို့
သဘောတူကြောင်း ပြောခဲ့တယ်။ တချို့က သူ့အစီအစဉ်မှာ ဒယ်ဘီကိုခေါ်ခဲ့ဖို့
တောင်းဆိုကြတယ်။ စိတ်စေတနာကောင်းတဲ့ ဒယ်ဘီကို သူတို့တွေ့ချင်ခဲ့ကြတယ်။

(၂ဝဝ၄)ခုနှစ် ဇန်နဝါရီလမှာ ဒယ်ဘီကို Rickရဲ့ အစီအစဉ်မှာ ဖိတ်ခေါ်ခဲ့တယ်။ ပရိသတ်တွေက
ဒယ်ဘီကို တအံ့တသြနဲ့ "မင်းမှာ ဘာဖြစ်လို့ အဲဒီလိုအတွေးတွေရှိခဲ့တာလဲ"လို့
မေးတော့ ဒယ်ဘီက မျက်နှာနီလေးနဲ့ နုတ်ခမ်းကိုတစ်ချက်ကိုက်ပြီး
သူ့အတွေးတွေကို ပြောပြခဲ့တယ်။ ကလေးငယ်တစ်ဦးမှာ မိခင်ကိုချစ်တဲ့စိတ်တွေ
ဒီလောက်နက်နဲလိမ့်မယ်လို့ လူတွေမထင်ခဲ့ကြဘူး။ တချို့လူကြီးပိုင်းအရွယ်တွေက
တစ်နေ့ကုန်တစ်နေ့ခမ်း အလုပ်တွေရှုပ်ပြီး ကိုယ့်မိခင်ကို မေ့ထားတတ်ကြတယ်။
ဒယ်ဘီရဲ့အတွေးတွေက လူတွေရဲ့အနူးညံ့ဆုံး၊ အပျော့ပျောင်းဆုံး စိတ်တစ်နေရာကို
ကိုင်လှုပ်နိုင်ခဲ့လို့ ပရိသတ်အများရဲ့မျက်လုံးမှာ မျက်ရည်တွေ ဝေသီခဲ့ရတယ်။
Rickက ပိန်လှီလှတဲ့ ဒယ်ဘီရဲ့ခန္ဓာကိုယ်ကို တင်းတင်းပွေ့ဖက်ပြီး "မင်းအမေတော့
မင်းကိုအရမ်းချစ်မှာပဲ၊ မင်းအမေကို မင်းတစ်နေ့တွေ့မှာပါ" လို့
အားပေးစကားဆိုခဲ့တယ်။
ဂျာမဏီနိုင်ငံတစ်ခုလုံးကို "လုပ်ရပ်ကောင်း(၁ဝ)ခု"ဆိုတဲ့လှိုင်းတစ်ခု
ရိုက်ခတ်သွားခဲ့တယ်။ အရင်က ခက်ထန်တဲ့လူတချို့ရဲ့ မျက်နှာပေါ်မှာတောင်
နွေးထွေးတဲ့အပြုံးတွေ
တွေ့မြင်ကြပြီဖြစ်တယ်။ လူတွေက သူတို့ကူညီခဲ့တဲ့လူတွေမှာ
ဒယ်ဘီမိခင်ပါဝင်ဖို့ မျှော်လင့်ခဲ့ကြတယ်။
ဒယ်ဘီရဲ့ရုပ်ပုံနဲ့အသံကို ဂျာမဏီနိုင်ငံရဲ့ လမ်းတိုင်းမှာတွေ့မြင်ရတယ်။
ဒယ်ဘီရဲ့ပုံပြင်ကို
လူတိုင်းပြောစမှတ်ပြုခဲ့ကြတယ်။ တီဗီလိုင်းတွေကလည်း
ဒယ်ဘီမိခင်ရှာပုံတော်မှာ ကူညီခဲ့ကြတယ်။ ဒါပေမယ့် ဒယ်ဘီမိခင်က
လူထင်ထွက်မပြခဲ့ပါဘူး။
(၂ဝဝ၄)ခုနှစ် ဖေဖော်ဝါရီလမှာ စိတ်ရင်းစေတနာကောင်းတဲ့ ဒယ်ဘီအပေါ် အကြောင်းမလှတဲ့
ကံတရားတစ်ခုကျရောက်ခဲ့တယ်။ ဒယ်ဘီနေတဲ့ကျောင်းက ကျောင်းသားအများဟာ
ဆင်းရဲတဲ့မိသားစု၊ ပတ်ဝန်းကျင်က ကြီးပြင်းလာသူတွေဖြစ်တယ်။ တချို့ကလေးတွေဟာ
ငယ်ငယ်လေးကတည်းက ဒုစရိုက်အဖွဲ့တွေထဲ ပါဝင်ခဲ့သူတွေဖြစ်တယ်။
ဒယ်ဘီကိုလူသိများလာပြီးနောက် ဒယ်ဘီမှာ ငွေကြေးတွေရှိလာနိုင်တယ်လို့
ထင်ပြီး ဒယ်ဘီကို သူတို့ရဲ့ပစ်မှတ်အဖြစ်ထားခဲ့တယ်။
(၂ဝဝ၄)ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်နေ့ ညနေကျောင်းဆင်းချိန် အပြန်လမ်းမှာ
ဒယ်ဘီကို ကျောင်းသားဆိုးတချို့ ဝိုင်းလုယှက်ခဲ့ကြတယ်။ ဒယ်ဘီကိုယ်ပေါ်မှာ
သူတို့လိုချင်တဲ့ ငွေကိုမတွေ့တော့ ဒေါသကြီးတဲ့ လူငယ်တွေက ဒယ်ဘီကို
ဓားနဲ့ထိုးခဲ့ကြတယ်။
ဒယ်ဘီရဲ့ဗိုက်နဲ့ နှလုံးအိမ်မှာ ဓားထိုးတွင်းခံရပြီး
အကြီးအကျယ်ဒဏ်ရာရခဲ့တယ်။ သွေးအိုင်ထဲမှာ ၂နာရီကျော်
လဲလျောင်းနေခဲ့ရတဲ့ ဒယ်ဘီကို ကင်းလှည့်ယာဉ်တွေ့မှ ဆေးရုံကိုပို့ခဲ့ရတယ်။
မေ့မြောနေတဲ့ ဒယ်ဘီဆီကနေ "မေမေ... မေမေ..."ဆိုတဲ့ ညည်းသံကို
လူတွေကြားခဲ့ရတယ်။
တီဗီလိုင်းတွေက ဒယ်ဘီရဲ့အခြေအနေကို ၂၄နာရီလုံး ထုတ်လွှင့်ခဲ့တယ်။ ဒယ်ဘီကို
ဂရုစိုက်စိုးရိမ်ကြသူတွေက ဒယ်ဘီကျန်းမာဖို့
ဆုတောင်းကြတယ်။ တက္ကသိုလ်ကျောင်းသားတွေစုပြီး အလက်ဆန္ဒားရင်ပြင်မှာ
လက်ချင်းချိတ်ပြီး အသဲပုံပြုလုပ်ခဲ့ကြတယ်။ သူတို့ရဲ့ပါးစပ်မှာလည်း
"မေမေ... မေမေ..." လို့ ရွတ်အော်ခဲ့ကြတယ်။ သူတို့ရဲ့ရွတ်အော်သံကိုကြားတဲ့
လူတွေက မျက်ရည်အဝဲသားနဲ့ ဒီ"အသဲပုံ" ထဲပါဝင်လာကြတယ်။ နောက်ဆုံးမှာ
လူတွေတဖြေးဖြေး များပြားလာခဲ့ပြီး အသဲပုံလည်း တဖြေးဖြေးကြီးမားလာခဲ့တယ်။
လူတွေကို ပိုထိခိုက်ဝမ်းနည်းစေခဲ့တာက ဒယ်ဘီဓားထိုးခံရပြီး နာရီပိုင်းနောက်မှာ
အမျိုးသမီးရာပေါင်းများစွာက တီဗီလိုင်းဆီ ဖုန်းဆက်ပြီး သူတို့ဟာ
ဒယ်ဘီရဲ့မိခင်အဖြစ် သရုပ်ဆောင်ဖို့ သဘောတူကြောင်းပြောခဲ့တယ်။ Rita က
Munichတက္ကသိုလ်က ကျောင်းဆရာမတစ်ဦးဖြစ်တယ်။ ရီတာက ဆို့ဆို့နင့်နင့်နဲ့
"ဒယ်ဘီဆိုတဲ့ လူလိမ္မာလေးရဲ့ မိခင်လုပ်ရမှာ ကျွန်မကိုယ်ကျွန်မ
ဂုဏ်ယူမိပါတယ်"လို့ဆိုတယ်။
အသက်(၃၅)နှစ်ရှိတဲ့ Talinaက ဖုန်းအကြိမ်ကြိမ်ဆက်ပြီး "ကျွန်မက
မိခင်မဲ့ကလေးတစ်ဦးပါ။ အမေရဲ့မေတ္တာကို
ငယ်ငယ်လေးကတည်းက ကျွန်မတောင့်တခဲ့ပါတယ်။ ဒါကြောင့် ဒယ်ဘီရဲ့ခံစားချက်ကို
ကျွန်မနားလည်နိုင်ပါတယ်" လို့ဆိုခဲ့တယ်။
Koblenzမြို့က Judyဆိုတဲ့ အမျိုးသမီးက လွန်ခဲ့တဲ့နှစ်တွေမှာ
သူ့သားလေးပျောက်ဆုံးခဲ့ရပြီး
သားလေးကိုရှာဖွေနေဆဲသူက "ကျွန်မသားလေးသာ ဒယ်ဘီလိုမျိုး
အမေကိုလွမ်းဆွတ်နေခဲ့ရင် ကျွန်မအရမ်းပျော်မိမှာပဲ၊ ဒယ်ဘီရဲ့မိခင်ဖြစ်ဖို့
ကျွန်မမျှော်လင့်ပါတယ်။ ဒယ်ဘီကို မိခင်မေတ္တာအစစ်အမှန်နဲ့
ကျွန်မတစ်သက်လုံးချစ်ပါ့မယ်" လို့ဆိုတယ်။
ထောင်သောင်းမကတဲ့ ဖုန်းတွေမှာ မိခင်အများက
သူတို့ရဲ့စစ်မှန်တဲ့အတွင်းစိတ်နဲ့ "ဒယ်ဘီရဲ့မိခင်"လုပ်နိုင်ဖို့
တောင်းဆိုခဲ့ကြတယ်။ ဒါပေမယ့် ဒယ်ဘီမှာ
မိခင်တစ်ဦးပဲရှိနိုင်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးကိုပဲရွေးပြီး
ဒယ်ဘီရဲ့မိခင်အဖြစ် ဒယ်ဘီကိုပြုစုစောင့်ရှောက်စေခဲ့တယ်။
အရေးကြီးဆုံးအချိန်ဖြစ်တာကြောင့် လူအများစိစစ်ဆွေးနွေးပြီးနောက်
ဒယ်ဘီနဲ့တစ်မြို့ထဲနေတဲ့ Judyကို ဒယ်ဘီရဲ့မိခင်အဖြစ် သဘောတူလိုက်ကြတယ်။
(၂ဝဝ၄)ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့မနက်ပိုင်းမှာ
မေ့မြောနေရာက ဒယ်ဘီနိုးလာခဲ့တယ်။ မျက်လုံးကိုဖွင့်လိုက်တာနဲ့ Lily
ပန်းတစ်စည်းကိုင်ထားတဲ့ Judyကို
ကုတင်ဘေးမှာ ရပ်နေတာတွေ့လိုက်တယ်။ Judyက ဒယ်ဘီရဲ့လက်ကိုကိုင်ပြီး
"ဒယ်ဘီ... မေမေ.. မေမေဒီမှာပါ" လို့ဆိုတယ်။ နေရောင်ခြည်ကို တွေ့သလိုမျိုး
ဒယ်ဘီမျက်လုံးတွေ အရောင်လက်လာခဲ့တယ်။ အံ့သြသွားတဲ့ပုံစံနဲ့ "တကယ်ပဲ
ကျွန်တော်ရဲ့အမေလားဟင်!" လို့မေးတယ်။
မျက်ရည်စက်လက်နဲ့ Judyခေါင်းညိတ်ပြလိုက်တယ်။ အခန်းထဲမှာရှိတဲ့လူတွေကလည်း ဒယ်ဘီကို
ဟုတ်မှန်ကြောင်း အပြုံးနဲ့ခေါင်းညိတ်ပြကြတယ်။
မျက်ရည်စီးကြောင်းနှစ်ကြောင်းက ဒယ်ဘီပါးပြင်ပေါ် စီးကျလာခဲ့တယ်။
"မေမေ... သားရှာနေတာကြာလှပြီမေမေ.. သားကို ထပ်ခွဲမသွားပါနဲ့နော် မေမေ..
ထပ်ခွဲမသွားပါနဲ့တော့"
"စိတ်ချပါသားရယ်.. သားကို မေမေ ဘယ်တော့မှ ခွဲမသွားတော့ပါဘူး"

Judy ခေါင်းညိတ်ပြရင်း ရှိုက်ကြီးတငင်နဲ့ပြောတယ်။
ဒယ်ဘီရဲ့ဖြူရော်နေတဲ့မျက်နှာမှာ အပြုံးတွေ ဖူးပွင့်သွားခဲ့တယ်။
စကားတွေအများကြီး သူထပ်ပြောချင်ပေမယ့် သူမှာပြောဖို့ အင်အားမရှိခဲ့ဘူး။
အဲဒီနေ့က ဒယ်ဘီရဲ့ လူ့ဘဝနောက်ဆုံးနေ့ဖြစ်တယ်။ Judyရဲ့လက်ကို
လွတ်ထွက်သွားမှာစိုးတဲ့အလား သူတင်းတင်းဆုပ်ကိုင်ထားမိတယ်။
အမေ့မျက်နှာကိုကြည့်ဖို့ သူမျက်လုံးတွေ တစ်ချက်မှမမှိတ်ခဲ့ဘူး။
အခန်းထဲမှာရှိတဲ့ လူတွေရဲ့ပါးပြင်မှာ မျက်ရည်တွေ မခြောက်ခမ်းခဲ့ဘူး။
မေမေ... သားရှာနေတာကြာလှပြီ
(၂ဝဝ၄)ခုနှစ် ဖေဖော်ဝါရီလ ၁၈ရက်နေ့ မနက်၂နာရီမှာ ဒယ်ဘီတစ်ယောက်
မျက်လုံးစုံမှိတ်ပြီး
လူ့ဘဝထဲကနေ ထာဝရထွက်ခွါသွားခဲ့ပါတယ်။ ဒါပေမယ့် Judy လက်ကို
သူတင်းတင်းဆုပ်ကိုင်ထားဆဲပါပဲ.....



References :
မူရင်း-- http://www.duwenzhang.com
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

                                                                                                                 KY
Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

1 comment:

  1. ကောင်းကင်8 May 2010 at 07:48

    ကျေးဇူးပါ MGDSME ...တော်တော်လေးဖတ်လို့ကောင်းပါတယ်.. ဒီစာလေးဖတ်ပြီးတော့ ရင်ထဲမှာလဲတော်တော်ခံစားလိုက်ရတယ်

    ReplyDelete