Friday, May 21, 2010

ရေအစား "တံတွေး" ကိုသာမျိုနေကြရသူများ

 
ရေချိုးပြီးပြန်အလာ အ၀တ်အစားလဲအပြီး ကွန်ပျူတာရှေ့ထိုင်လိုက်တော့မှ ရေချိုးထား သည့်အအေးဓါတ် ကလေးရထား၍ အတော်လေးနေသာထိုင်သာရှိသွားသည်။ 

"သြော်၊ နွေရာသီတောင်ရောက်လာပြီနော်......."

နွေရာသီအကြောင်းတွေးမိ၍ ကျနော်တို့အမိမြန်မာနိုင်ငံကြီးကိုသတိရသွားသည်။ စိတ်မသက်သာစရာ၊ ပူဆွေး ၀မ်းနည်းစရာအကြောင်းများ ခေါင်းထဲရောက်လာသည်။ ဒါပေမယ့်လည်း မတွေးဘူးဟု လျစ်လျူမရှုနိုင်။ နဂိုကတည်းကမှ ပူပြင်းသည့်ရာသီဥတုကို ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံ။ ဒီနှစ်မှာ အပူလွန်၊ မိုးမရွာ ........ 
လွန်ခဲ့သည့်ရက်အနည်းငယ်က သူငယ်ချင်းတယောက်နှင့်တွေ့၍ စကားခဏပြောရာတွင်၊ ထိုသူငယ်ချင်းမှ
" ဟေ့ကောင်၊ မင်းအင်းလေးအိုင်ပုံမြင်ပြီးပြီလား....." ဟုမေးလာသည်။ ကျနော်က " အင်းလေးအိုင်ဘာဖြစ် လို့လဲကွ၊ မင်းကလဲ ထူးထူးဆန်းဆန်း." ဟုပြန်ပြောရာ သူက " အင်းလေးအိုင် ရေခန်းတဲ့ပုံလေ၊ မြင်မကောင်း ဘူး ... " ဟုထပ်ပြောပါသည်။ ကျနော်က " ဟုတ်ရဲ့လားကွ ၊ မင်းငါ့ကိုလာစားနေတာမဟုတ်လား..." ဆိုပြီး ပြန်ပြောလိုက်ပါသည်။ အဲဒီအခါ သူငယ်ချင်းက " မင်းရဲ့မေးလ်ကို ငါပုံပို့ပေးလိုက်မယ် ၊ မင်းအခန်းပြန်ပြီးဖွင့် ကြည့်လိုက်..." ဟုပြောပြီး သူ့အခန်းကိုပြန်သွားပါသည်။

ကျနော်လည်းအခန်းကိုပြန်ရောက်သည့်အချိန်တွင် ကျနော့မေးလ်ကိုဖွင့်ကြည့်ရာ ထိုသူငယ်ချင်းပို့ပေးလိုက် သောပုံများကိုတွေ့ရသည်။ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးအိုင်ဖြစ်သော အင်းလေးအိုင် ၏ ယနေ့ဖြစ်ပျက် နေသော ပုံများကိုကြည့်ရသည်မှာ ကိုယ့်မျက်စိကိုယ်ပင်မယုံနိုင် ......... 




 
၂၀၀၉ ခုနှစ် အင်းလေးဘုရားပွဲမြင်ကွင်း

 
၂၀၁၀ ခုနှစ်၊ April မြင်ကွင်း


 
၂၀၁၀ ခုနှစ်၊ April မြင်ကွင်း - ၂


အစပထမတော့ Photo Shop ဖြင့်အစွမ်းပြထားသည်ဟုထင်မိသည်။ စိတ်ထဲတွင်ပိုပြီးတိကျသွားအောင် ညောင်ရွှေတွင်ရှိသော အဖေ့သူငယ်ချင်းထံဖုန်းဆက်၍ အခြေအနေကိုမေးကြည့်ရာ "သားရေ အဲဒီကိစ္စဟာအမှန်ပဲ၊အရင်မင်းနှစ်တိုင်းလာနေတုန်းကနဲ့တခြားစီဖြစ်သွားတယ်၊ဦးတို့လည်းတသက်နဲ့တ ကိုယ် ဒါပထမဦးဆုံးပဲ" ဆိုပြီးပြန်ဖြေပါသည်။ ဖုန်းချလိုက်ပြီး သည့်အချိန်တွင် အတော်လေးစိတ် မသက်မသာဖြစ်ပြီး ၀မ်းနည်းသလိုလို ခံစားလိုက်ရသည်။ အင်းလေးကန်ကိုကျနော်သံယောဇဉ်ရှိသည် ကျ နော် ၁၀ တန်းစာမေးပွဲဖြေပြီးသည့်အချိန်မှစ၍ နှစ်တိုင်း အင်းလေးကန်ကိုရောက်ခဲ့သည်။ ဒီအကြောင်းတွေ ကိုတော့ ကျနော်နောက်ပိုင်း ရေးမည့် "ကျနော့ဘ၀အကြောင်းအကုန်အစင်" တွင်စုံစုံလင်လင် ဖော်ပြပေးပါ မည်။ တကယ်လို့သာအင်းလေးအိုင်ကြီး ............................. ဆက်မတွေးချင်။

နောက်ရက်ပိုင်းတွင် လည်းသတင်းမျိုးစုံထပ်ကြားလာရသည်။ "ပဲခူးတိုင်း ဝေါမြို့နယ်မှာအပူလွန်၊ သောက် သုံးရေကန်များခန်းခြောက်၍ နောက်ဆက်တွဲ ၀မ်းရောဂါများဖြစ်ပွားနေသည်"  "ရန်ကုန်မြို့တော်ကြီး၏ အချို့နေရာများတွင် လည်းရေမရရှိ၍ ဒုက္ခများရောက်နေကြရသည်" ၊ " အထက်အညာဒေသများတွင်လည်း အလွန့်ကိုပူပြင်းနေကြသည် " ၊ " အသက် ၇၀ ကျော်လူကြီးများ နှင့် ကလေးငယ်များမှာ အပူဒဏ်ကိုမခံစား နိုင်၍ အများအပြားသေကြရသည်" ၊ " သတင်းစာထဲတွင် နာရေးကြော်ငြာမှာ ၃ မျက်နှာခန့်ရှိ " ၊ " နာရေး ကူညီမှုအသင်းမှ ဦးကျော်သူမှာ ညဘက်အထိ အသုဘယာဉ်မောင်းပေးနေရ " ၊ ....................... နောက်ဆက်တွဲသတင်းများ မှာ ရေး၍မကုန်နိုင်လောက်အောင် များပြားလှသည်။ သတင်းများကြားပြီး စိတ်အတော်လေးကိုမကောင်း။


နဂိုကတည်းကမှဒုက္ခပေါင်းစုံခံစားနေကြရသော မြန်မာနိုင်ငံသူ၊နိုင်ငံသားများအတွက် "နူနာဝဲဆွဲ" သလို ထပ်ဆင့်ဒုက္ခရောက်ရတာလား။ ကျနော်တို့အားလုံးကြားဖူးကြတဲ့စကားလေးတခွန်း " မိုးရွာတုန်းရေခံ" တဲ့၊ အခုရေအတွက်ဒုက္ခရောက်နေကြတဲ့ မြန်မာနိုင်ငံကလူတွေကလည်းပြန်ပြောလိမ့်မယ် "ကျနော်တို့မိုးရွာရင် ရေခံဖို့အတွက် ပြင်ထားပါတယ်ဗျာ၊ ရှိရှိသမျှ အိုးတွေ၊ တိုင်ကီတွေ၊ ဇလုံတွေ တခုမကျန်အောင် ကျနော်တို့ မိုးရွာရင်ရေခံလို့ရအောင် အဆင်သင့်ပြင်ထားပါတယ်ဗျာ။ မိုးမှမရွာပဲ " ဟု။ 


ညီလေးကပြောလာတယ် "ကိုကြီးရေဒီမှာရေရေလည်လည်ကိုပူနေတယ်ဗျာ၊လူတွေလည်းသေတာမှတဖြုတ် ဖြုတ်ပဲ၊ မီးကလည်းမလာ၊ မိုးရွာအောင်လွန်ဆွဲနေကြတာလည်း မိုးသားလေးက ယောင်လို့တောင်မှမတက် လာ၊ ဟိုနေရာပြောင်းဆွဲလိုက် ဒီနေရာပြောင်းဆွဲလိုက်နဲ့ Too Big သီချင်းလို ဟိုဘက်တိုးလိုက်ဒီဘက်တိုး လိုက်ဖြစ်နေပြီ၊ ငရံ့မင်းပရိတ်လည်းမကယ်နိုင် ဘယ်လိုလုပ်ရမလဲ ကိုကြီးရေ လုပ်ပါဦး........." တဲ့။ 


ခက်ပြီငါ့ညီ။ ဒီကကောင်လည်းဘာမှမတတ်နိုင်၊ တတ်နိုင်မှဖြင့် အစောကြီးကတည်းက " ရွာစေ " ဆိုပြီးမန်း လိုက်မှာပေါ့လို့။ဒါကတော့ကျနော်မတတ်နိုင်တဲ့အပိုင်းကပြောတာပါ။ကျနော်အပါအ၀င်ကျန်တဲ့လူတွေလည်း မတတ်နိုင်ကြဘူးမဟုတ်လား။ ရာသီဥတုဖေါက်ပြန်တဲ့ဟာလေ။ မိုးရေကိုအားထားပြီး သုံးနေရတဲ့ လူတွေ မိုးရေမရတော့ တခြားရေကိုပြောင်းသုံးမှပဲဖြစ်တော့မှာလေ။ အဲဒီမိုးရေမဟုတ်တဲ့ တခြားရေကိုဘယ် နည်းလမ်းနဲ့များရနိုင်မလဲ.........?

သူငယ်ချင်းတို့ သောက်ရေမပါပဲ နေပူကြီးထဲမှာ ခရီးသွားဖူးလား။ " တော်တော်လေးကိုနေရတာအဆင် ပြေလိုက်တာကွာလို့ မြည်တမ်းဖူးလား၊ ခံစားဖူးလား " ။ မဖြစ်နိုင်ဘူးနော် ။ နေကပူ၊ ချွေးကထွက်၊ မောပန်း လာရင် နှုတ်ခမ်းတွေခြောက်၊ အာခေါင်တွေခြောက်ပြီး ရေငတ်တဲ့ဒဏ်ကိုခံစားရမှာပေါ့နော်။ အဲဒီအချိန်ကျ ရင် ရေအစား ခဏတာ တံတွေးကိုမျိုချပြီး နောက်ထပ်ရေရတော့မှပဲ တံတွေးကိုပြန်ဖြည့်ရတော့တာပေါ့ နော်။ အခုမြန်မာနိုင်ငံက လူတွေဖြစ်နေရတဲ့ဒုက္ခက -


" စီးပွားရေးလုပ်ရတာအဆင်မပြေဘူး။ ရပါတယ် အဆင်ပြေအောင်တော့ကြည့်လုပ်ပြီးစားဖို့အတွက်ရရင် အဆင်ပြေပါတယ်"


" ကုန်ဈေးနှုန်းတွေကြီးမြင့်ပြီး ၀င်ငွေ၊ထွက်ငွေတွေ မမျှလို့ တော်တော်လေးကို အဆင်မပြေဘူး။ ရပါတယ် အသား၊ငါးမစားဘူး အသီးအရွက်တို့စရာနဲ့ ငါးပိရည်နဲ့ဆိုရင်ဖြစ်ပါတယ်"


" မီးမလာဘူး။ ညဘက်ဆိုရင် လျှပ်စစ်မီးမရှိလို့မှောင်မဲပြီး သွားရေးလာရေးကအစအဆင်မပြေဘူး။ ရပါတယ် တတ်နိုင်တဲ့လူတွေက မီးစက်၊အင်ဗာတာနဲ့ လက်နှိပ်ဓါတ်မီးတွေအားကိုးပြီးတော့ ၊ မတတ်နိုင် တဲ့လူတွေက ဖယောင်းတိုင်နဲ့ ကြယ်ရောင်လရောင်တွေကိုအားကိုးပြီး လှုပ်ရှားနေလို့ရပါသေးတယ် "


" ပိုက်ဆံမရှိလို့ ထမင်းမစားရဘူး ၊ ဖြစ်ပါသေးတယ် ရေသောက်ဗိုက်မှောက်ပြီး ဖြေသိမ့်လို့ "


" အ၀တ်လျှော်ဖို့အတွက်ရေမရှိဘူး ၊ ဖြစ်တယ် အ၀တ်ကိုသန့်သန့်လေး ၂ ရက်ဝတ်လိုက်မယ် ချိုးဖို့အ တွက်ရှိရင်ပြီးတာပဲ "


" ချိုးဖို့ရေမရှိဘူး၊ ဖြစ်သေးတယ် မျက်နှာသစ်စရာရေရှိရင်ပြီးတာပဲ ချွေတာသုံးလိုက်မယ် "


" မျက်နှာသစ်စရာရေမရှိဘူး၊ ဒါလဲဖြစ်ပါသေးတယ် သောက်စရာရေရှိရင်ပြီးတာပဲ"


"သောက်စရာရေမရှိဘူး ၊ ဒါတော့ ...................................."


"ထမင်းအသက် ၇ ရက်၊ ရေအသက် ၁ မနက်တဲ့" ရေကလူတယောက်အသက်ရှင်ဖို့အတွက် အဲဒီလောက် ကိုအရေးကြီးပါတယ်။ အောက်ကပုံတွေကိုကြည့်ပါဗျာ သူတို့တွေ ရေ..ငတ်..နေ..ကြ..တာ..ဗျာ။ လော လောဆယ် သူတို့အသက်ရှင်ဖို့အတွက် " တံတွေးကို ရေအစားခဏမျိုထားကြရတယ် " 


 

They need water...


 



Help them a cup of water..!!!




 


 




 














 


 


 


 




စိတ်ရှိလက်ရှိသာဓါတ်ပုံတွေတင်လိုက်ရရင်မနက်ဖြန်ညနေအထိတောင်ပို့စ်ပြီးမှာမဟုတ်တော့ဘူး။ မြန်မာ နိုင်ငံကဒုက္ခရောက်နေကြရတဲ့ လူတွေရဲ့ပုံရိပ်တွေဟာ သိပ်ကိုစိတ်ထိခိုက်ဖို့လည်းကောင်းလှပါတယ်။လော လောဆယ် တံတွေးကိုရေအစားခဏမျိုချထားရတဲ့ သူတို့တွေဟာ တကယ်လို့သာရေမလာခဲ့ပါလျှင်.......

ကျနော်တို့အပျော်သဘောနဲ့ အချင်းချင်းပြောကြတဲ့စကားလေးရှိတယ်လေ " ရေဆာရင်ဘီယာသောက် တယ် " ဆိုပြီးတော့လေ။
တကယ်လို့ အခု ရေဒုက္ခရောက်နေကြရတဲ့ လူတွေမှာသာ ဘီယာဝယ်သောက်ဖို့ ပိုက်ဆံများရှိခဲ့ရင် သူတို့ ဘီယာအစားရေတွေကိုဝယ်နေမှာပဲလို့ ကျနော်ယူဆတယ်။

မိုးဘာလို့မရွာလဲကျနော်မသိဘူး၊ လက်လှမ်းမမှီတဲ့ အယ်လ်နီညိုတွေ ၊ အိုဇုန်းလွှာပေါက်တာတွေ၊ မသိဘူး။ ရှင်းရှင်းပြောရရင်   " I don't know ဇလဗေဒ " ။ 

Company အမျိုးမျိုးရဲ့ တိတိကျကျပြောရရင် မသမာသူ လူတစုရဲ့ တကိုယ်ကောင်းဆန်မှုတွေကြောင့် ရာသီဥတုကိုထိန်းပေးနိုင်တဲ့ သစ်တောတွေကလဲ ပြုတ်ပြုတ်ပြန်းနေရတဲ့ကြားထဲ မောင်နာဂစ်ကပါ ထပ်ဆင့် ဒုက္ခပေးလိုက်တော့ သစ်ပင်ကြီးကြီးဆိုတာ ဟိုးအရင်က ဓါတ်ပုံတွေထဲမှာပဲကျန်တော့တယ်။

ကျနော်ဒီပို့စ်ကိုရေးနေတဲ့အချိန်မတိုင်မီ ၂ ရက်လောက်ကတော့ ရန်ကုန်မှာမိုးတွေရွာတယ်လို့သတင်းရ တယ်။ဖြုတ်ဦးနှောက်အတိုင်းအတာပမာဏနဲ့တူတဲ့ကျနော့ဦးနှောက်နဲ့စဉ်းစားကြည့်မိသလောက်တော့ကျ နော် တို့နိုင်ငံရဲ့ အခုအဖြစ်အပျက်အတွက် ဒီနှစ်မိုးရာသီမှာမိုးအများကြီးရွာမှ (တခြားနိုင်ငံတွေရေကြီး သလောက်ပမာဏလောက်ရွာမှ) ဒီပြဿနာကို ကုစားပေးနိုင်မှာဖြစ်ပါတယ်။

နဂိုကတည်းကမှ မီးကမှန်မှန်မလာရတဲ့ကြားထဲ အင်းလေးအိုင်ကရေခန်း၊ အင်းလေးအိုင်ရေခန်းတော့ ဘီလူး ချောင်း ရေမရှိ၊ ဘီလူးချောင်းရေမရှိတော့ လောပိတစက်ရုံကလူတွေ အလုပ်အနားရသွားတာပေါ့နော့။ ရဲရွာ တွေ တပ်မတော်ရွာတွေကတော့ ထားလိုက်ပါ။ မီဂါဝပ်တွေ ဘာဝပ်တွေကလဲ တိမ်တွေလိုပါပဲ။ နောက်ဆုံး တော့ မီးစက်သံတဖုန်းဖုန်း နဲ့ ပျော်စရာကြီးနေမှာနော်။ ဆီဈေးတွေကလဲတက်။ မိုက်မှမိုက်ပဲ။ မြန်မာနိုင်ငံ ရဲ့အိုင်တီနည်းပညာတိုးတက်ရေးနဲ့ ဆီဈေးနဲ့ကပြောင်းပြန်အချိုးကျနေတော့ ဆီဈေးတက်လာရင် အိုင်တီနည်းပညာက ............? အိုင်တီနည်းပညာမှမဟုတ်ပါဘူး ဒီခေတ်မှာ လျှပ်စစ်မရှိရင် တိုးတက်ဖို့ ဆိုတာက မျှော်မှန်းလို့မရ။

" ခေတ်မှီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ဆီသို့ " ၊ " စည်းကမ်းစနစ်ကျသောဒီမိုကရေစီ " ၊ နောက်ထပ် သုံးစားမရတဲ့ ဆောင်ပုဒ်တွေကိုခဏထားပြီး အခုရေမရလို့ဒုက္ခဖြစ်နေတဲ့ ပြည်သူတွေရဲ့ကိစ္စကို ဘယ်လိုရှင်း မလဲလို့  ဘဘဗိုလ်ချုပ်အရိုးဆွေးကြီးတွေကို မေးချင်တယ်။ မေးလဲ အနော်မသိ၊ အနော်တို့ နိုင်ငံမှာမရှိဆိုပြီး သွားမရှိတဲ့ပါးစပ်တွေနဲ့ လိမ်ကြဦးမှာပါပဲ။ 

ကဲဒီတော့ အချိန်ကုန်လေကုန်မခံတော့ဘူး။ ကျနော်တို့နိုင်ငံကိုချစ်သော၊ ရင်ဘတ်ချင်းတူသောသူငယ်ချင်း များကို ကျနော်ဒီနေရာလေးကနေတိုက်တွန်းလိုက်ပါရစေ-

ကျနော်တို့မြတ်စွာဘုရားဟောထားတဲ့စကားလေးတခွန်းကို ပြောပြမယ်နော်

" နသောဘိက္ခဝေ ၊ သတ္တော သုလာဘရူပေါ ၊ ယောန မာတာပိတုဘူတ၊ ပုဗ္ဗောဣမိနာ ဒီဃေန အဒ္ဓုနာ "

" ရဟန်းတို့ ...... ဤမျှရှည်လျားသော သံသရာကြီးအတွင်း အမိ၊ အဖ၊ မောင်ကြီး၊ မောင်ငယ်၊ ညီ၊ အစ်ကို၊ ညီမ၊ သား၊ သမီး မတော်စပ်ခဲ့ဘူးသောပုဂ္ဂိုလ်ကို ငါဘုရား၏ဉာဏ်တော်ဖြင့် ရှာဖွေ၍မရခဲ့ချေ။ " 

ဟူ၍ဟောကြားတော်မူခဲ့ပါသည်။ သို့ဖြစ်၍ ကျနော်တို့၏ အရင်ဘ၀ပေါင်းများစွာက ဆွေမျိုးတော်ဆပ်ခဲ့ ကြသူများလည်းဖြစ်၊ ယခုဘ၀တွင်လည်း မြန်မာနိုင်ငံရှိ တိုင်းရင်းသားညီအစ်ကို လည်းဖြစ်ကြသော ဒုက္ခရောက်နေကြသူများအား။ ကျနော်အပါအ၀င်သူငယ်ချင်းတို့အားလုံးမှ မိမိတို့တတ်နိုင်သမျှ နည်းသည် များသည်မဟုတ် ကူညီပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

" လူတယောက်မြားမှန်တဲ့အခါမှာ ၊ အဲဒီမြားဘယ်ကလာတာလဲ၊ ဘာလို့၊ ဘယ်က စတာတွေထက် အခုအဲ ဒီမြားစိုက်ရာနေရာ(ဒဏ်ရာ) ကသာအရေးကြီးပါတယ် " အဲဒီတော့ ကျနော်တို့ မိုးဘာလို့မရွာတာလဲ၊ ဘာအကြောင်းကြောင့်လဲ ..... စတဲ့ လာရာကိုတွေးနေမယ့်အစား အဲဒီ မြားသင့်တဲ့နေရာလေးတွေက သူတို့ရဲ့အသက်တွေကို " ရေဆိုတဲ့ဆေးနဲ့အမြန်ကုပေးရပါတော့မယ်" ကျနော်တို့လုပ်နိုင်ပါတယ်။ ကြိုးလဲ ကြိုးစားကြစို့ဗျာ။
ကျနော်တို့ကိုရီးယားမှာတော့ အဖွဲ့များစွာရှိတဲ့အထဲက အဖြူရောင်မေတ္တာလူငယ်များ နဲ့ဆက်သွယ်ပြီး ကျနော်လည်းတထောင့်တနေရာကနေ ကူညီပေးနေပါတယ်။ 

ကျနော့သူငယ်ချင်းများအနေနဲ့လည်း မိမိတို့တတ်နိုင်သလောက်၊ ဆက်သွယ်မိသလောက်နေရာများမှ တဆင့် ကျနော်တို့ရဲ့ အပူဆိုတဲ့ မြားဒဏ်သင့်ပြီး ရေငတ်တဲ့ဝေဒနာခံစားနေရတဲ့ တိုင်းရင်းသား ညီအကိုမောင်နှမများကို ရေဆိုတဲ့ဆေးနဲ့ အမြန်ကုစားပေးကြပါလို့ ............

ရေအကျိုး ၁၀ ပါး

(၁) လျင်မြန်ခြင်း၊
(၂)ကျော်စောခြင်း။
(၃)စင်ကြယ်ခြင်း။
(၄)မွတ်သိပ်ခြင်းမှ ကင်းခြင်း။
(၅)အခြံအရံများခြင်း။
(၆)အသက်ရှည်ခြင်း။
(၇)အဆင်းလှခြင်း။
(၈)ခွန်အားကြီးခြင်း။
(၉)ပညာကြီးခြင်း။
(၁၀)ချမ်းသာခြင်း။
 

ဒီလိုအကျိုးတွေကို အခုရေငတ်နေကြတဲ့သူများရစေဖို့အတွက် ကျနော်တို့ အမြန်ဆုံးကူညီလိုက်ကြပါစို့။

      Give anything you can , whatever your help no matter how big how small. 
               Myanmar needs your help. NOW! 

                                                  ရေ......ရေ.......ရေ..........


                           
                            လှူကြပါခင်ဗျာ။ တတ်နိုင်သလောက်လှူပေးကြပါသူငယ်ချင်းတို့။

                        ကျနော်လေ သူတို့တွေကိုစာနာလွန်းလို့ ဒီပို့စ်ရေးနေတုန်း ရေမပြောနဲ့

                                         တံတွေးတောင် မျိုမချရဲဘူး.........။

ဤပို့စ်လေးအား ကျနော်မောင်ထင်လင်းသူခံစားမိသလောက်ရေးသားဖော်ပြခြင်းဖြစ်ပါသည်။ ဤပို့စ်နှင့် ပတ်သက်သောကိစ္စအ၀၀မှာ ကျနော်နှင့်သာသက်ဆိုင်ပါသည်။တခြားမည်သူမည်ဝါနှင့်မျှမသက်ဆိုင်ပါ။ဓါတ် ပုံများကို အဖြူရောင်မေတ္တာလူငယ်များ၊ forwardမေးလ်၊ အဖြူရောင်သူငယ်ချင်းများ ဘလောဂ့်နှင့် ကိုဇော် တို့ထံမှကူးယူဖော်ပြပါသည်။

Thank you so much for reading this post.

လေးစားစွာဖြင့်
H.L.T



Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

1 comment:

  1. ညီလေးရဲ.အရေးအသားတွေ တကယ်ကောင်းပါတယ်.....
    လိုအင်ဆန္ဒ တွေပြည်.စုံပါစေ...............

    ReplyDelete