Tuesday, July 20, 2010

အဖေ

ရဲဘော် အောင်ဆန်း
အဖေ့ကို ဒီလိုခေါ်ရင် ဖြင့်
VIP ဘ၀ ကိုမုန်းတဲ့ အဖေက
ဘာလဲ ရဲဘော် လို့ ထူးလိမ့်မယ်။



အမှန်တကယ်တော့
အပြောသာရှိ အဖြစ်မရှိကြတဲ့
သားမိုက်များ အဖေနဲ့တော့တခြားစီပေါ့
VIP ဘ၀ ရောက်ကြစေဖို့
အကွဲကွဲ အပြားပြားပါဘဲ အဖေ...။


စီးပွားကြပ်တယ်ကြပ်တယ် လို့အော်ပြီး
မခြိုးခြံ နိုင်သေးတဲ့ ကျွန်တော်တို့ကို
အဖေသာ ရှိနေသေးရင်ဖြင့်
ကိုယ်တိုင် စိုက်ပျိုးထွန်ယက်လို့
ဘယ်လိုချိုးခြံ ဖြေရှင်းရမယ်ဆိုတာ
ကိုယ်တိုင် သင်ပြလို့ ချောင်လည်စေအုန်းမယ်။


မအောင်မြင်ဘူး မအောင်ဘူး လို့ အော် ပြီး
ပန်းတိုင်မရောက်ခင် တက်ထောင်တဲ့ ကျွန်တော်တို့ကို
အဖေသာ ရှိနေသေးရင်ဖြင့်
အောင်မြင်မှု နည်းလမ်းကို ရှာကြံလို့
ဘယ်လိုလုပ်ဆောင် ရယူရမယ်ဆိုတာ
ကိုယ်တိုင်ဦးဆောင် အောင်မြင်စေအုန်းမယ်။


မတိုးတက်ဘူး မတိုးတက်ဘူး လို့အော်ပြီး
စည်းကမ်းမရှိ နေတတ်ကြတဲ့ ကျွန်တော်တို့ကို
အဖေသာ ရှိနေသေးရင်ဖြင့်
စည်းကမ်း တွေချမှတ်လို့
တိုးတက်အောင် ဘယ်လို နေထိုင်ရမယ်ဆိုတာ
နည်းပေးလို့ တိုးတက်စေအုန်းမယ်။


ရယူတယ်ဆိုတာ ကိုယ်တိုင် ရရှိမှ ရယူတယ် လို့ မည်မှာ
ဘယ်သူက တားဆီးလို့ မရနိုင်ဘူး
လုပ်ပိုင်ခွင့်မရ လို့ မလုပ်ရဘူးဆိုတာကို
အဖေသာရှိနေသေးရင်ဖြင့် ဒီလိုကွလို့
အိုကြီးအိုမ နဲ့ လက်ခမောင်းခတ်ပြပြီး
ရယူပေးအုန်းမယ် ဆိုတာ ယုံကြည်နေတယ် အဖေ။


အဖေ့လို နိုင်ငံတစ်ခု ခေါင်းဆောင်မှုပြုလို့
အပြောကို အလုပ်နဲ့ သက်သေမပြနိုင်ပေမယ့်
ကျွန်တော်နေတဲ့ ပတ်ဝန်းကျင်သေးသေးလေးမှာဖြင့်
အမှန်ကို အမှန်အတိုင်း
မတရားမှုကို မတရားမှု အတိုင်း
ဝံ့ရဲပြောဆို အလုပ်နဲ့ သက်သေပြနိုင်အောင်
အဖေ့ရဲ့ သွေး မြူတမှုံစာလောက်
ကျွန်တော့် ကိုယ်ထဲ စီးဆင်းခွင့်ပေးပါ။




ဒီးဒိုး။
၁၉၊၀၇၊၂၀၁၀။ (အာဇာနည် နေ့)


လွမ်းနိုင်ထူး blog မှမှီညမ်းသည်။                                                                    K Y
Stumble
Delicious
Technorati
Twitter
Digg
Facebook
Reddit
Feed

No comments:

Post a Comment